မိုးမိုး (အင်းလျား)၏ အထုပ္ပတ္တ္တိအကျဉ်း
မိုးမိုး (အင်းလျား) (ခရစ် ၁၉၄၄-၁၉၉ဝ)
အမျိုးသား စာပေဆုလေးကြိမ်တိုင်တိုင် ရရှိခဲ့သော စာရေးဆရာမ မိုးမိုး (အင်းလျား)ကို ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်တွင် အဖ ဦးထွန်း၊ အမိ ဒေါ်မြရှင်တို့က ၁၉၄၄ခုနှစ် အောက်တိုဘာလ ၂၄ ရက်၌ မွေးဖွားသည်။ အမည်ရင်း ဒေါ်စန်းစန်းဖြစ်သည်။ ဒိုက်ဦးမြို့အစိုးရ အထက်တန်းကျောင်းတွင် စတင်ပညာသင်ကြားပြီး ၁၉၅၆ ခုနှစ်တွင် စတုတ္ထတန်း စကောလားရှစ်ဆု ရသည်။ ခုနစ်တန်း ကျောင်းသူ ဘဝတွင် ကဗျာများ စတင် ရေးစပ်သည်။ ကျောင်းစာကြည့်တိုက်နှင့် နံရံကပ်စာစောင် ကော်မတီများတွင် အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အထက်တန်း ကျောင်းသူဘဝတွင် ခရိုင်အလိုက် စာစီစာကုံးပြိုင်ပွဲများ၌ ဆုများရရှိခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့်သိပံ္ပတက္ကသိုလ်တွင် သင်္ချာဘာသာ အဓိကဖြင့် တက်ရောက် ပညာသင်ကြားသည်။ ပညာသင်ကြားရင်း နေထိုင်ရာ အဆောင်အမည်ကို အစွဲပြု၍ မိုးမိုး (အင်းလျား) ဟူသော ကလောင်အမည်ဖြင့် ကဗျာ၊ ဆောင်းပါးများ စတင်ရေးသားသည်။ ပထမဆုံး ရွေးချယ် ဖော်ပြခံရသော ဝတ္ထုတိုမှာ ၁၉၇၂ ခုနှစ် စက်တင်ဘာလထုတ် ငွေတာရီမဂ္ဂဇင်းပါ ''အိမ်နီးချင်း'' ဝတ္ထု ဖြစ်သည်။ ထိုဝတ္ထုတိုကို မြန်မာ့အသံမှ ဇာတ်လမ်းပမာ နားဆင်စရာ အဖြစ်လည်း အသံလွှင့်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထုရှည် ဖြစ်သော ''ပျောက်သော လမ်းမှာ စမ်းတဝါး'' ဝတ္ထုကို ရေးသားသည်။ ထိုစဉ်မှစ၍ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါးများကို ကွယ်လွန်ချိန် အထိ အဆက်မပြတ် ရေးခဲ့ရာ ဝတ္ထုတိုနှင့် မဂ္ဂဇင်းဝတ္ထုရှည် စုစုပေါင်း ၁ဝ၁ပုဒ်၊ လုံးချင်းဝတ္ထု ၂၄ ပုဒ်နှင့် ဆောင်းပါး ၅၅ ပုဒ်ခန့် ရှိသည်။ ရေးသားခဲ့သော ဝတ္ထုတိုများကို စုပေါင်း၍ ''မဂ္ဂဇင်း ဝတ္ထုရှည်များ''၊ ''ဝတ္ထုတိုများ(၁)''၊ ''မြန်မာပြည်မှာ နေကြသည်''၊ ''ထိုနေ့က မီးမလာပါ''နှင့် ''မိုးမိုး (အင်းလျား)၏ မဂ္ဂဇင်းဝတ္ထုရှည်များ(၂)''နှင့် ''ဝတ္ထုတိုများ(၂)'' တို့ကို စာအုပ် ထုတ်ဝေခဲ့သည်။ မိုးမိုး(အင်းလျား) သည် ''ပျောက်သော လမ်းမှာ စမ်းတဝါး'' လုံးချင်း ဝတ္ထုရှည်ဖြင့် ၁၉၇၄ ခုနှစ် အမျိုးသား စာပေ ဝတ္ထုရှည်ဆုကို လည်းကောင်း၊ ''မဂ္ဂဇင်း ဝတ္ထုရှည်များ'' ဖြင့် ၁၉၈ဝ ပြည့်နှစ် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ် ဆုကိုလည်းကောင်း၊ ''ဝတ္ထုတိုများ(၁)''ဖြင့် ၁၉၈၂ ခုနှစ် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ်ဆုကိုလည်းကောင်း၊ ''ဝတ္ထုတိုများ(၂)''ဖြင့် ၁၉၈၆ ခုနှစ် အမျိုးသားစာပေ ဝတ္ထုတိုပေါင်းချုပ် ဆုကိုလည်းကောင်း အမျိုးသား စာပေဆုကို လေးကြိမ် တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်သည်။ သူ၏ ''ပျောက်သော လမ်းမှာ စမ်းတဝါး'' ဝတ္ထုကို ရုရှားဘာသာ၊ ဂျပန်ဘာသာ များသို့လည်းကောင်း၊ ''ဘယ်သူလာကူပါ့မယ်'' ဝတ္ထုကို ရုရှား ဘာသာသို့လည်းကောင်း၊ ''မှတပါး အခြားမရှိပြီ'' ဝတ္ထုကို ဂျပန်ဘာသာသို့ လည်းကောင်း သက်ဆိုင်ရာ နိုင်ငံအသီးသီးမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့ကြ သည်။ ထို့အပြင် ဝတ္ထုတို အများအပြားကိုလည်း အင်္ဂလိပ်ဘာသာသို့ လည်းကောင်း၊ အချို့ကို ဂျပန်ဘာသာသို့လည်းကောင်း ပြန်ဆိုထုတ်ဝေခဲ့သည်။ မိုးမိုး (အင်းလျား) သည် ၁၉၈၉ ခုနှစ် သြဂုတ်လမှ စ၍ ကွယ်လွန်ချိန် အထိ စံပယ်ဖြူမဂ္ဂဇင်းတွင် တာဝန်ခံစာတည်းအဖြစ် ဆောင်ရွက်ခဲ့သည်။ မိုးမိုး (အင်းလျား) သည် စာပေ တာဝန်ကို ထမ်းဆောင်ရင်း ၁၉၉ဝ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ခင်ပွန်း ဦးမျိုးညွန့်နှင့် သားနှစ်ယောက်၊ သမီးတစ်ယောက် ကျန်ရစ်သည်။
(မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ် ၁၉၉၁မှ)
မိုးမိုး (အင်းလျား) (ခရစ် ၁၉၄၄-၁၉၉ဝ)

(မြန်မာ့စွယ်စုံကျမ်း နှစ်ချုပ်စာအုပ် ၁၉၉၁မှ)
No comments:
Post a Comment